အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်မည်

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်မည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်နှင့် အလုပ်ရှင်ထံမှအကြောင်းကြားစာပုံစံ (၂၃/၂၄) တို့အား ၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာတို့တွင် ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရပါသည်။

၂၄-၅-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ (စာမျက်နှာ - ၁၇၊ ၁၈)

၂၄-၅-၂၀၂၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ (စာမျက်နှာ - ၁၇၊ ၁၈)

အာမခံထားသူ၏ အများဆုံးလုပ်ခဝင်ငွေနှင့် သားသမီးပညာသင်စရိတ်ခံစားခွင့်နှုန်းထား သတ်မှတ်ခြင်း၊ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅

၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ ပုဒ်မ (၁၃) တွင် လူမှုဖူလုံရေးအဖွဲ့သည် -

(၁)  ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်
(၂)  မိသားစုထောက်ပံ့မှု အာမခံစနစ်
(၃)  အလုပ်လုပ်နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် အာမခံစနစ်
(၄)  အလုပ်လက်မဲ့အကျိုးခံစားခွင့် အာမခံစနစ်
(၅)  အခြားလူမှုဖူလုံရေးစနစ်

တို့ကို သတ်မှတ်ချက်များနှင့်အညီ စီစဥ်ထားရှိပြီး လက်ရှိတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ် နှစ်ခုကိုသာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် ပုဒ်မ ၁၅(ဂ) တွင် မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ရန်ပုံငွေ အတွက် ထည့်ဝင်ကြေးငွေကို သီးခြားသတ်မှတ်ခြင်းမပြုဘဲ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေ မှ သတ်မှတ်ထားသော အချိုးအစားဖြင့် လွှဲပြောင်းသုံးစွဲရမည်ဟု ပြဌာန်းချက်ထားသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမားသည် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု ရန်ပုံငွေ တစ်ခုတည်းအတွက်သာ ထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းစီ ပေးရန်လိုအပ်ပြီး အာမခံအလုပ်သမားတစ်ဦးအနေဖြင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အကျိုးခံစားခွင့်ကိုသာမက မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ကိုပါ ရထိုက်ခွင့်ရှိခြင်းဖြစ်ပါသည်။

ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အောက်တွင် -

(၁)  မကျန်းမာမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်
(၂)  ကိုယ်ဝန်ဆောင်မှုနှင့် မီးဖွားမှုအတွက် ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့်
(၃)  အာမခံထားသူများ အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်ခံယူခွင့်
(၄)  မည်သည့် အကြောင်းကြောင့်မဆို သေဆုံးမှုအတွက် နာရေးစရိတ်ခံစားခွင့်

တို့နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်အောက်တွင် -

(၁)  သတ်မှတ်ထားသော ဝင်ငွေပမာဏအောက် နည်းသည့် အာမခံထားသူ၏ ပညာသင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်ခံစားခွင့်
(၂)  သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောက်ပံ့ကူညီမှုအကျိုးခံစားခွင့်
(၃)  မှီခိုသူမိသားစုအတွက် သင့်လျော်သော အကျိုးခံစားခွင့်

တို့ကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိပါသည်။

Comments

Popular posts from this blog

Decision of 352nd Session of ILO Governing Body

ကလေးလုပ်သမားခိုင်းစေခြင်းနှင့် လူငယ်အလုပ်သမားခိုင်းစေခြင်း

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း